Sunday, September 11, 2022

 


#ထန်းပင်ပေါ်ကသရဲ
➖➖➖➖➖➖➖

ကျွန်တော်နာမည်က စောမင်းကို...။
နေတာက ဧရာဝတီတိုင်းထဲက အင်းသောင်ကြီးဆိုတဲ့ရွာလေးမှာဗျ... တစ်ရွာလုံး ကရင်ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေကြတာဖြစ်ပြီး လယ်လုပ်ငန်းကို အဓိကအားထားပြီး လုပ်ကိုင်ကျတာဗျ... တစ်ဖက်တစ်လမ်းကနေလဲ မိသားစုစားဝတ်နေရေးအရ သဲချောင်းထဲ ငါးရှာဖားရှာလေးကလဲ လုပ်ကြသေးတာဆိုတော့ စားရေးသောက်ရေးအတွက်တော့ ရွာတွေထုံးစံအတိုင်း မခက်ခဲဘူးပေါ့ဗျာ... ဘယ်လိုခေါ်မလဲ မရှိမရှား ရွာလေးဆိုရင် ပိုမှန်လိမ့်မယ်ထင်တယ်။

တစ်ရွာလုံးက လယ်အလုပ်ကို အဓိကထား လုပ်ကြပေမယ့် ကျုပ်ကတော့ လူတစ်မျိုးဗျ... ငါးရှာဖားရှာကိုပဲ ဇောက်ချလုပ်ခဲ့တာ ခုဆို အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက်ရတဲ့အထိ ဆိုပါတော့ဗျာ...။

အကုသိုလ်နဲ့အကျိုးပေးတာပဲလား ကျုပ်ကပဲ ငါးနဲ့ရေအကြောင်း နပ်တာပဲလားတော့ မသိဘူး ကျုပ်ရှာရင် မရဘူးဆိုတာကိုမရှိဘူး...

နေ့ည ကျုပ်ရှာသမျှငါးတွေကို မနက်ပိုင်း ကျုပ်မိန်းမ ရွာနီးခြောက်စပ် လှည့်ရောင်း ပိုတာလေးတွေဆားနယ် ငပိသိပ်တာတစ်မျိုး အခြောက်လှမ်းတာတစ်မျိုးနဲ့ တစ်လတစ်ခါမျိုး နှစ်လတစ်ခါမျိုး ဆိုသလို မြို့ပေါ်တက် ဒိုင်တွေသွင်းတဲ့အလုပ်ကလေးကလဲ မြိုးမြိုးမြတ်မြတ်ကလေးရနေတော့ မယားလဲရွှေတွဲလွှဲငွေတွဲလွှဲနဲ့ သားသမီးလဲ အစစအရာရာ မျက်နှာမငယ်ရအောင် ထားနိုင်တယ်လို့ပဲ ဆိုရတော့မှာပေါ့ဗျာ....

ဒီလိုနဲ့ တစ်နေ့...

အကုသိုလ်အလုပ်တွေကို စွန့်ခွာပြီး အကျွတ်တရားရဖို့အကြောင်းကံတစ်ခုက ပေါ်လာတယ်ဆိုရမလားပဲ...ကျုပ်လည်း လုပ်နေကြ အလုပ်ဖြစ်တဲ့ ငါးပိုက်ချ အလုပ်ကို မနက်စောစောတစ်ကြိမ်ချ နေ့လယ်ပြန်ဖော် ပြီးပြန်ချ ညနေတစ်ခေါက်ဖော် ပြန်ချ ညဥ့်နက်တစ်ခေါက်ဖော်နဲ့ မအားမလပ်နိုင်အောင်ကိုရှိနေတဲ့ မိုးဦးကာလတစ်ခုမှာပေါ့...။

တစ်နေ့တာပိုက်ချပိုက်ဖြုတ်တွေလုပ်ပြီး နောက်ဆုံးအခေါက် ပိုက်ဖြုတ်နေတော့ ငါးတွေအတော်လေးရလိုက်တာနဲ့ အတော်ညဥ့်နက်အောင် ဖြုတ်လိုက်ရပြီး ပိုက်ပြန်ချထားခဲ့ပြီး ငါးလဲပို့ရင်း တစ်ရေးတမောအိပ်မယ်စိတ်ကူးနဲ့ လက်ကျန်ချက်အရက် တစ်ပိုင်းကိုမော့ပြီး ရွာကို ခပ်သွက်သွက်လှော်ပြီး ပြန်လာလိုက်တယ်။

ကမ်းပါးရောက်တော့ လှေကိုကြိုးသေချာချည် ရသမျှငါးတွေထည့်ထားတဲ့မြုံးကို လှော်တက်မှာချိတ်ပြီး ထမ်းပြန်အလာ ကျုပ်တို့ရွာနောက်ပိုင်းက ဖိုးသာကြီး ထန်းတောဘက်ကနေ ဖြတ်ပြန်ရင် အိမ်ကို အမြန်ရောက်နိူင်တာနဲ့ ဖြတ်လမ်းသဘောမျိုးဖြစ်နေတဲ့ ဖိုးသာကြီး ထန်းတောဘက်ကနေပဲ ပြန်ဖို့ စိတ်ကူးမိလိုက်တာကနေ စတယ်ပဲပြောရတော့မှာပေါ့လေ...

ထန်းတောလို့သာပြောရတာပါ အညာကထန်းတောတွေကိုလို အပင်ရာချီ ရှိနေတာတော့ မဟုတ်ဘူးဗျ အပင်ကြီးလေးပင်နဲ့ အပင်ပေါက်လေးငါးခြောက်ပင်သာရှိတာ ကျုပ်လည်း ညဥ့်နက်နေတာကတစ်ကြောင်း ငါးတွေကလဲများများပါနေတော့ အမြန်ရောက်မယ့်လမ်းကိုရွေးပြီး ရွာထဲကပုံမှန်သွားနေကြမဟုတ်တဲ့ ဒီဖြတ်လမ်းကို လာမိတာဆိုပါတော့ဗျာ...

ဖိုးသာကြီးထန်းတောထဲ ဝင်ဝင်ချင်း ခပ်စွန်းစွန်းမှာပေါက်နေတဲ့ ထန်းပင်အပေါက်လေးဗျ အလွန်ဆုံးရှိလှ အမြင့် ၈ပေ ၉ပေ လောက်လေးက လေမတိုက် ဘာမတိုက်နဲ့ ယိမ်းထိုးနေတာများ ထန်းလက်တွေက မြေကြီးကိုတောင် တဖြန်းဖြန်းနဲ့ လာလာရိုက်နေတဲ့အသံက ပတ်ဝန်းကျင်တစ်ခုလုံး ကျယ်ကျယ်လောင်လောင်ကို ကြားနေရတာ...

ကျုပ်လည်း အစကတော့ ဇဝေဇဝါနဲ့ ရပ်ကြည့်နေလိုက်မိတာ နောက်မှသတိဝင်လာပြီ ' အင်း... ငါ့တော့သရဲခြောက်ပြီထင်တယ် ငါးတွေကလဲ ပါနေတာဆိုတော့ အို... ဘာပဲဖြစ်ဖြစ်ကွာ စောမင်းကိုတဲ့ ကြောက်ရမှာလား ဒီသရဲကို ' ဆိုပြီး ခါးကြားက အရက်ပုလင်းကိုထုတ် တစ်ချက်မော့ပြီး ဆက်လျှောက်လာလိုက်တာ အဲ့ထန်းပင်လေးအောက်ရောက်တော့ ခုနက ယိမ်းထိုးနေတာတွေ ချက်ချင်းရပ်သွားပြီး ထန်းပင်ပေါ်ကနေ မဲမဲအရာတစ်ခု ဆင်းလာတာကိုမြင်လိုက်ရတော့...

ကျုပ်လည်း ကြောက်လန့်ပြီး ပါးစပ်က အယုတ်တအနတ္တတွေလည်းဆဲ ပလိုင်းနဲ့လှော်တက်ကို အောက်ချပြီး ထန်းပင်ကို သေးနဲ့ပြေးပန်းတာ ခုနအရိပ်မဲကြီး ထန်းပင်ပေါ်ပြန်တက်သွားတာ မြင်လိုက်ရတယ်...

ကျုပ်လဲ မထူးဇာတ်ခင်းပြီလေ မူးကလဲ မူးနေ ကြောက်စိတ်နဲ့ဒေါသစိတ်ကို တဇွတ်ထိုးစိတ်ကပါ အဖော်လုပ်ပေးလိုက်တော့ ဘေးနားက ထန်းရွက်ခြောက် သစ်ကိုင်းခြောက်တွေစု ထန်းပင်အောက်မှာပုံပြီး အရက်လောင်း မီးပုံရှို့ပစ်ပြီး အပင်အောက်ကနေကို လေးဂွကိုင် ထိုင်စောင့်နေတာ ထန်းပင်ကို မီးစွဲနေတာကြည့်ပြီး စိတ်ထဲကနေလဲ...

" ကဲ...မှတ်ပလား ငါ့ကိုခြောက်ချင်တဲ့ မိမဆုံးမ ဖမဆုံးမသရဲ စောမင်းကိုတဲ့ကွ ဟားဟား " ဆိုပြီး ကိုယ့်လုပ်ရပ်ကို သဘောအကျကြီးကျနေတုန်း ဖြုန်းခနဲဆို ထန်းပင်ပေါ်က မဲမဲကြီးခုန်ချပြီး သဲချောင်းဘက်ကို ဂမူးရူးထိုး ထွက်ပြေးသွားတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတယ်။ ကျုပ်ကလဲဘယ်ရမလဲ နောက်ကနေ လေးဂွနဲ့ လေးငါးချက်လောက် လိုက်ပစ်လိုက်သေးတာဗျ။

ဘာမှမမြင်ရမတွေ့ရပဲ ပျောက်သွားတော့မှ ထန်းပင်အောက် ပြန်လာပြီး လှော်တက်နဲ့ပလိုင်းကို ကောက်ပြီး မီးစွဲလောင်နေတဲ့ထန်းပင်ကို တစ်ချက်ကြည့် အိမ်ကို ခပ်သုတ်သုတ်ပြန်ခဲ့လိုက်တယ်...

ပါးစပ်ကလဲ...

" ကဲ ဘာတတ်နိုင်သေးလဲ ငါ့ကိုခြောက်ချင်တဲ့သရဲ မှတ်ပလား စောမင်းကိုကွ လာမစမ်းနဲ့ မင်းတို့ထက်ပိုကြမ်းတယ် " ဟု တစ်ကိုယ်ထဲ ကြိမ်းဝါးရင်း အိမ်ကိုပြန်ရောက်တော့ ငါးတွေ အိုးထဲထည့် ခြေလက်ဆေးပြီး လက်ကျန်အရက်ကိုဖြတ် တစ်ကျိုးထဲအိပ်လိုက်တာ မနက် မိုးအတော်လင်းမှကို နိုးတော့တယ်...

မယားလုပ်သူတောင် ငါးရောင်းပြီးပြန်တောင်ရောက်နေပြီ ကျုပ်လဲ ကပျာကယာ မျက်နှာသစ်သွားတိုက်ပြီး ထမင်းကြမ်းစားနေတုန်း ကျုပ်မိန်းမ မြကြည်က ...

" ကိုမင်းကို ညက ဖိုးသာကြီးထန်းတောက ထန်းပင်တစ်ပင် မီးလောင်သွားလို့တဲ့တော်ရေ... ဖိုးသာကြီး တစ်ယောက်တော့ ဓားတစ်ချောင်းကိုင်ပြီး ကြိမ်းဝါးနေလေရဲ့ သူ့အပင်ကို မီးရှို့တဲ့ကောင် သိလို့ကတော့ အသေခုတ်သတ်ပစ်မယ် ဘာညာနဲ့.... "

" ဟေ  ဟုတ်လား ... ဘယ်သူရှို့တာတဲ့လဲ "

ကြားရတဲ့သတင်းကြောင့် ထမင်းစားနေရင်း ဟန်ကိုဖို့ပြီး မိန်းမကို ပြန်မေးလိုက်ရပေမယ့် ...

ဒီအပင်ကို ဘယ်သူရှို့တယ် ဘာကြောင့်ရှို့ရတယ်ဆိုတာ ကျုပ် တစ်ယောက်သာအသိဆုံးပါ ခုတော့ ခင်ဗျားလဲ ဒီစာကို ဖတ်လိုက်ပြီဆိုတော့ ထန်းပင်ကို ဘယ်သူမီးရှို့တာလဲဆိုတာ ခင်ဗျားတို့လဲသိပြီပေါ့...

                    ×××××××××××

စားသောက်ပြီးတာနဲ့ ကျုပ်လဲ ဆေးပေါ့လိပ်လေးကောက်ဖွာပြီး ပလိုင်းကောက်လွယ် ထုံးစံအတိုင်း မိန်းမဆီက အရက်ဖိုးတောင်းပြီး ချောင်းထဲသွား ပိုက်ဖြုတ်ဖို့ အိမ်ကထွက်လို့ အိမ်ပေါက်ဝရောက်ခါရှိသေး မိန်းမလုပ်သူက...

" ကိုမင်းကို ရှင့်ကိုကျုပ်ပြောစရာရှိသေးတယ်တော့ ကျုပ်နားခဏလာအုံး... " ဟု ပြောလိုက်သဖြင့်

" ဟာ... ဒီမိန်းမနဲ့ ဘာတွေများရေးကြီးခွင်ကျယ်လုပ်နေပြန်ပြီလဲ ပြောစရာရှိတာ အမြန်ပြောဟာ တော်ကြာ ငါ့ပိုက်ထဲကငါးတွေ သူများခိုးသွားမှဖြင့် ပြောပြော အမြန်ပြော " ဟု ပါးစပ်ကလဲငေါက် ခြေလှမ်းတွေကလဲ သူ့ဆီကိုလှမ်းသွားရင်းက အနားရောက်တော့...

" ဟို...ဟို ကျုပ်မှာ ကိုယ်ဝန်ရှိနေပြန်ပြီတော့ ကိုမင်းကိုရဲ့... "

" ဟာ...ငါ့ဘာများလဲလို့ မင်းကိုယ်ဝန်ရှိနေတာများ အဆန်းလုပ်လို့ ကိုယ်ဝန်ရှိနေ မွေးလိုက်ပေါ့... ကလေးမွေးရမှာ မင်းအလုပ် ပိုက်ဆံရှာရမှာ ငါ့အလုပ်... ကဲ ပြောနေကြာတယ် ငါသွားတော့မယ်ဟာ... "

" မင်းသာ အရင်ကလိုတော့နေမရတော့ဘူးနော်  ဂရုစိုက် သွားတာလာတာနေတာထိုင်တာ ထတာ စားတာ အို အစုံပေါ့ဟာ... အရင်ကလေးတွေအတိုင်း... " ဟုပြောခဲ့ပြီး အိမ်ကနေ သုတ်ခြေတင် ထွက်လာခဲ့လိုက်တယ်...။

နောက်ကနေ ကျုပ်ကို မေးငေါ့ မျက်စောင်းထိုးပြီး ကျန်ခဲ့မယ့် ချစ်ဇနီးရဲ့ မျက်နှာလေးကို တွေးကြည့်ရင်း ကျုပ်ရင်ထဲမှာ ကြည်နူးပီတိဖြစ်မိတာတော့ ဝန်ခံပါတယ်ဗျာ...

ငယ်ကချစ်အနှစ်တစ်ရာဆိုမလားဗျာ... ကျုပ်မိန်းမနဲ့ ကျုပ်က ငယ်ချစ်တွေလေ သူမိဘတွေက အလုပ်မယ်မယ်ရရမရှိ တစ်နေ့တစ်နေ့ ငါးရှာဖားရှာပဲ လုပ်နေတဲ့ကျုပ်နဲ့ လုံးဝကိုသဘောတူကြတာ မဟုတ်ဘူးဗျ ကျုပ်ကလဲ ကျုပ်ပဲလေဗျာ...

မိဘကလယ်ပိုင်ရှိတာတောင် ကျုပ်က လယ်လုပ်ကိုင်းလုပ် ဘာတစ်ခုမှကို ငယ်ငယ်ထဲကဝါသနာပါတဲ့ကောင် မဟုတ်ဘူး... ငါးရှာဖားရှာအလုပ်ပဲ လွှတ်ဝါသနာပါတဲ့ကောင်... ဒါကိုမှသူကလဲ ကျုပ်မှကျုပ် ချစ်တာကိုးဗျ မိဘသဘောမတူတဲ့ကြားထဲက ခိုးရာလိုက်ပြေးပြီး ခုတော့ တံငါသည်မယား ကျုပ်နဲ့အတူဒိုးတူဘောင်ဖက် လုပ်ကိုင်စားခဲ့တာ ကလေး၃ယောက်ရတဲ့အထိပဲ ဆိုပါတော့ဗျာ...

သားသမီးတွေ အရွယ်လေးတွေရောက်လာခါမှ ခု ကိုယ်ဝန်ရှိနေပြီဆိုတဲ့ စကားကြားလိုက်ရတာ ကျုပ် ရင်ထဲ ဘာနဲ့မှဖော်ပြလို့မရနိုင်လောက်အောင်ကို ပျော်မိတာအမှန်ပဲဗျာ...

အင်း...စားပေါက်တစ်ပေါက် ထပ်တိုးလာတော့မှာဆိုတော့ ကျုပ်အရင်ကထက် ပိုက်ဆံပိုရှာရတော့မယ်ဆိုတဲ့အသိက ခေါင်းထဲကို အလိုလိုဝင်လာပြီး သဲချောင်းဘက်မဆင်းခင် ထုံးစံအတိုင်း ချနေကြ ရွာနောက်ဘက်ပိုင်းကချက်အရက်ရောင်းတဲ့ အေးသောင် ဆိုင်ဘက်ခြေဦးလှည့်လာလိုက်တယ်...။

ဆိုင်ထဲဝင်လိုက်တာနဲ့ မျက်စိကစားကြည့်လိုက်တော့ ကျုပ်ထက်အရင်ရောက်နှင့်နေတဲ့ ကျုပ်သူငယ်ချင်း " ဗိုလ်ဝ " ကို တန်းတွေ့တာနဲ့ သူစားပွဲကိုသွားပြီးထိုင်လိုက်တယ်... 

" အေးသောင်ရေ တစ်လုံးပေးဟေ့ ...
အမြည်းကတော့ မယူတော့ဘူး ငါအိမ်က ငါးခြောက်မီးဖုတ်ခိုးလာခဲ့တယ် မိန်းမမသိအောင်လို့ " ဟုပြောရင်း ခါးပိုက်ထောင်ထဲမှ ငါးခြောက်မီးဖုတ်ထုတ်ကို စားပွဲပေါ်ပစ်ချပြီး ဗိုလ်ဝငုဲ့ပေးတဲ့ အရက်တစ်ခွက်ကို ရေမရောပဲ တစ်ချက်ထဲမော့ပစ်လိုက်တာ ...

" အေ့...ဂေ့ ခုမှပဲ နေသားထိုင်သားရှိသွားတော့တယ်ကွာ " ဟု ပြောလိုက်တော့ ...

" ရေခံအုံးဆရာ မဟုတ်အသေမြန်သွားမယ် " ဟု ဗိုလ်ဝက ပြောလာသဖြင့် ...

" ငါအိမ်ကထွက်ထဲက အစာခံခဲ့ပါတယ်ဗိုလ်ဝရာ ပူမနေစမ်းပါနဲ့ "

" မင်းကဘယ်အချိန်ထဲကရောက်နေတာလဲကွ..."

" ကြာပြီ မနက်ထဲကဆိုပါတော့ကွာ... ငါစာရင်းငှားလုပ်နေတဲ့ဟိုဘက်ရွာက လယ်ပိုင်ရှင် ဦးကျော်ငြိမ်းနဲ့ စကားများပြီး ခုအလုပ်ထွက်လာတာကွာ ... စိတ်ညစ်လိုစောစောစီးစီးလာချနေတာ " ဟု ဗိုလ်ဝကပြန်ပြောသဖြင့်...

" ထွီ...! မင်းငါပြောသားပဲ အစထဲက လယ်မလုပ်ပါနဲ့ ငါနဲ့ပိုက်လိုက်ထောင်ပါဆိုတာ သိပ်သူတော်ကောင်းကြီးဖြစ်ချင်တဲ့ကောင် ခံပေါ့ ... ဟော ငါ့အလုပ်ဆိုကြည့် ငါ့ပြောမယ့်စော်ကားမယ့် ဘယ်ကောင်မှကိုမရှိဘူး အကုန်ငါ့သဘော ငါစိတ်ကြိုက်ကြီးပဲ... "

" အေးပါကွာ အေးပါ ... ဒါပေမယ့် ငါမှဒီတံငါအလုပ်ကို ဝါသနာမပါခဲ့တာ ခုတော့ ငါမင်းကိုအကူအညီတစ်ခုလောက်တောင်းချင်တယ် မင်းကိုရာ...! နော်ဟေ့ကောင်... "

" အောင်မယ် ထူးထူးဆန်းဆန်းပါလား ဗိုလ်ဝရ မင်းကငါ့ဆီကအကူအညီတွေဘာတွေတောင်းလို့... ကဲပြော ဘာကူညီရမလဲ... "

" ဒီလိုကွ ငါခုအလုပ်မရှိတော့ဘူးဆိုတော့ ငါ့မိန်းမနဲ့ သားသမီးတွေ စားဝတ်နေရေးက ဒုက္ခရောက်တော့မှာလေကွာ ငါ့မိန်းမက ကောက်စိုက်လိုက်လုပ်နေပေမယ့် သားသမီးတွေကရှိသေးတော့ သူဝင်ငွေက တို့မိသားစုစားလောက်ရုံတောင်မရှိဘူးလေကွာ အဲ့ဒါ ငါလဲ မင်းနဲ့အတူငါးပိုက်လိုက်ချရင်ကောင်းမလားလို့... "

" တော်ပြီ...တော်ပြီ  ဒီလောက်ဆိုငါသဘောပေါက်ပြီ ဗိုလ်ဝ... မင်းနဲ့ငါက ဒီလောက်ပြောရမယ့်သူတွေမှ မဟုတ်တာကွာ ငါမှာ လှေပို ပိုက်ပိုတွေရှိပါတယ်ကွာ မင်းငါနဲ့အတူ ဒီညကစပြီး လိုက်ခဲ့ပေတော့ အဲ့ ငါလဲ ငွေပိုငွေလျှံမရှိလို့ မကူညီနိုင်ပေမယ့် မင်းကိုအလုပ်တော့ပေးနိုင်ကူနိုင်ပါသေးတယ်ကွာ ထက်ဝက်စားပေါ့ကွာ ငါက ပိုက်နဲ့လှေချပေးမယ် မင်းက ငါနဲ့အတူပိုက်လိုက်ချပေါ့ မင်းရတဲ့ငါးကို တစ်ဝက်ကမင်းယူ တစ်ဝက်တော့ ငါ့ပေးပေါ့ ဟုတ်ပြီလား... "

" အေး ဘာပဲဖြစ်ဖြစ်သဘောတူတယ်ကွာ ... ဒါဆို ဒီည ငါမင်းဆီကိုဘယ်အချိန်လာခဲ့ရမလဲ ပြော... "

" အင်း... ငါခုပိုက်သွားဆယ်မှာ မင်းတစ်ခါထဲသာလိုက်ခဲ့တော့ မင်းအိမ်အတွက် ဟင်းစားလေးငါပေးလိုက်မလို့...  ညကျရင်တော့ ငါ့အိမ်မင်းလာခဲ့ကွာ ၈နာရီလောက်...မင်းအတွက်လှေနဲ့ပိုက်တစ်ဖုံ ငါပြင်ထားလိုက်မယ် ... ကဲ ချကွာ ချောင်းထဲဆင်းကြရအောင်ခု... " ဟု ကျွန်တော်လဲပြောဆိုပြီး ဗိုလ်ဝနဲ့အတူ အေးသောင်အရက်ဆိုင်မှအရက်ကုန်တာနဲ့ ရှင်းစရာရှိတာရှင်းပြီး နှစ်ယောက်သား သဲချောင်းကိုထွက်ချလာလိုက်တယ်...။

" ဝူး...ဝူး...ဝုန်း...ဂျိမ်း... "

ညနေမိုးချုပ်ထဲက ကောင်းလိုက်တဲ့မိုး ငါးတက်မယ့်မိုးဆိုတာ ကျုပ်လို တံငါသည်ဝါရင့်တစ်ယောက်အဖို့က ဗေဒင်မေးစရာမလိုအောင်ကို အတတ်သိနေပြီလေ...ငါးသလောက်တွေ ကျလို့ကတော့ စောမင်းကိုတို့ ပွပြီဟေ့ ဒီညတော့...ဟိုကောင်ဗိုလ်ဝကလဲ ၈နာရီချိန်းထားခါမှ ၉နာရီတောင်ထိုးတော့မယ် ခုထိကိုမလာသေးဘူး...

သူနဲ့ကိုယ်နှစ်ယောက် ဒီမိုးနဲ့ ပိုက်သေချာချလိုက်လို့ကတော့ကွာ လို့တွေးရင်းစောင့်နေတာ စိတ်ကမရှည်တော့ဘူး ... ကိုယ့်ဘာသာပဲ သွားတော့မယ် တော်ကြာ ငါးကျချိန်မမှီလိုက်ပဲ ချောင်းထဲရေပြည့်သွားရင် ကိုယ်ပဲပိုက်ဆံရပေါက်ဆုံးရှုံးရမှာ... စောင့်မနေတော့ဘူးကွာ ဟု တစ်ကိုယ်ထဲတွေးပြီး လိုအပ်တဲ့ပစ္စည်းတွေယူ ခေါင်းခမောက်စောင်းပြီး အိမ်ကနေကောက်ထွက်လာလိုက်တယ်...။

မိန်းမကိုလည်း ဗိုလ်ဝလာရင် အဲ့ကပိုက်နဲ့လှော်တက်တစ်ချောင်းထုတ်ပေးလိုက်ဖို့နဲ့ ချောင်းစပ်တင်ထားတဲ့ ကျုပ်လှေတစ်စီးယူလာဖို့ မှာခဲ့လိုက်ပြီး သဲချောင်းကို ကျုပ်အမြန်ဆင်းလာခဲ့လိုက်တယ်...စောစောကသည်းနေတဲ့မိုးက ခုထပ်ပြီး သည်းလာသလိုပဲ လေကလည်း ပါတော့ ကျုပ်ဖြင့် ရှေ့ကိုတောင် မနည်းအားစိုက် လှေကိုလှော်နေရတာ ချောင်းဖြစ်နေလို့ လှိုင်းကသိပ်မရှိပေမယ့် ညမှောင်မှောင်ထဲ လေပြင်းကတိုက် မိုးကသည်းနဲ့ ဇောချွေးပြန်အောင်ထိ အားကုန်းသုံးပြီး လှော်နေရတာများဆိုတာ ဓနိတောတန်းနားထိရောက်အောင်ကို မနည်းကြိုးစားနေရတယ်။

ဓနိတောတန်းနားရောက်မှ လေလည်းနည်းနည်းကာသွားမယ် နောက် အဲ့နေရာက ငါးအတော်အောင်းလို့ကောင်းတဲ့နေရာလေ စိတ်ကြိုက်ပိုက်ချပြီး ငါးထိုင်ဖြုတ်ရုံပဲ... 

ကိုယ်အတွေးနဲ့ကို အားတင်းပြီး လှေကိုအားစိုက်လှော်လာလိုက်တာ သဲချောင်းဘေးတစ်ဖက်တစ်ချက်မှာ ကမ်းပါးအပြည့်ပေါက်နေတဲ့ ဓနိပင်တောဘက်ရောက်မှ လေတိုးတာ သက်သာသွားသဖြင့် လှေလှော်ရအတော်လေးပေါ့သွားတယ်။

ရေစီးကတော့ အတော်ကိုကောင်းနေတာဆိုတော့ ပိုက်ကိုသေချာဂရုစိုက်ပြီး မျှောမသွားအောင် တိုင်လိုက်စိုက်ပြီး တစ်ယောက်ထဲပိုက်ကိုချနေလိုက်တာ အတော်လေးပြီးသွားတော့ ခဏအမောဖြေပြီး ပါလာတဲ့ချက်အရက်တစ်လုံးကို တစ်ငုံကောက်မော့ပြီး မိုးကလည်းအေးအေးနဲ့ ဆေးလိပ်ဖွာချင်စိတ်ကပေါက်လာတော့ ကမ်းပေါ်ခဏတက်ပြီး အရိပ်ရတဲ့အပင်တစ်ပင်အောက်ဆေးလိပ်သွားဖွာပြီး ခဏနေမှငါးပိုက်လာဖြုတ်မယ်စိတ်ကူးပြီး ဓနိတောကမ်းဘက်လှေကိုလှော်ပြီး ချောင်းထဲကိုကိုင်းတွေထိုးကျနေတဲ့ လမုပင်ကြီးတစ်ပင်တွေ့ရတော့ အားရဝမ်းသာဖြစ်သွားပြီ...

" ဒါဆို ဒီနေရာက ဖိုးသာကြီးထန်းတောနောက်ဘက်က ချောင်းထဲပေါက်နေတဲ့ လမုပင်ကြီးပဲဖြစ်ရမယ် ဟုတ်ပြီ... " ဆိုပြီး လှေကို ကမ်းပါးပေါ်နိုင်သလောက်ဆွဲတင်ပြီး သေချာငုတ်ရိုက်ကြိုးချည်ခဲ့လိုက်တယ်။

ထိုလမုပင်ကြီးအရိပ်အောက်ကို ရွှံနှုန်းတွေကို တအိအိနင်းသွားရင်းဝင်လိုက်ပြီး ခါးပိုက်ထောင်ထဲမှ ပလပ်စတစ်အိတ်ဖြင့် သေချာထုတ်ယူလာသော ဂက်စ်မီးခြစ်နှင့်ဆေးပေါ့လိပ်တစ်လိပ်ကိုထုတ်ယူပြီး အားရပါးရ ဖွာပစ်လိုက်တော့မှ အချမ်းနဲနဲပြေသွားသလိုရှိသွားတယ်။ ခါကြားမှချက်အရက်လေးငုံလိုက်နဲ့ ပိုက်ထဲဒီအချိန်ဆို ငါးတွေတိုးနေလောက်ပြီဆိုတဲ့အတွေးက ကျုပ်စိတ်တွေကို နိုးကြားတက်ကြွလာစေခဲ့တယ်။

ကျုပ်မိုးခိုနေတဲ့လမုပင်ကြီးအပေါ်ကို မော့ကြည့်လိုက်တော့... ' ဒီအပင်ကြီး ငါအမြဲတမ်းဒီချောင်းထဲဖြတ်သွားနေတိုင်း သတိထားမိပေမယ့် ဒီလောက်ကြီးမယ်မှန်းမသိဘူး...ခုတော့ မိုးအတော်လေးလုံသားပဲ ' ဟုတွေးရင်း ဘေးဘယ်လိုက်ကြည့်လိုက်တော့ ချောင်းထဲထိုးထွက်နေတဲ့အပင်ကိုင်းပေါ်မှာ လူရိပ်လိုလို ဘာလိုလိုနဲ့ ငုတ်တုတ်ကြီးထိုင်နေသလိုလို အပင်ကိုင်းကလည်း တအိအိနဲ့ လှုပ်နေတာ လေတိုက်လို့များလား ဒါမှမဟုတ် အဲ့လူလိုလိုအရိပ်ကြီးထိုင်နေလို့ပဲ လှုပ်နေတာလား ကျုပ်လည်း ဇဝေဇဝါတော့ဖြစ်သွားတယ်ဗျ...။

လူတော့ မဟုတ်တန်ကောင်းပါဘူး။ ဒီချောင်းထဲ တံငါသည်ဆိုလို့ ကျုပ်တစ်ယောက်ထဲရှိတာ တစ်ခြားရွာကတံငါသည်တစ်ယောက်ယောက်များ ကျုပ်လိုပဲ မိုးဝင်ခိုနေတာလားပေါ့ ... သေသေချာချာ ကျုပ်စိုက်ကြည့်ရင်းစဥ်းစာနေတုန်း-

" ဝုန်း " ဆို သစ်ပင်ကိုင်းကနေခုန်ဆင်းလာပြီး နုံးထဲကို တစ်ဇိဇိနဲ့နင်းပြီး ကျုပ်ဆီကို လာနေတယ်ဗျ... ကျုပ်လည်းပထမတော့ ရုတ်တရက် ကြောက်သွားပေမယ့်... စောမင်းကိုပဲလေ ... သောက်ထားတဲ့အရက်ရှိန်လေးကလည်းရှိနေပြန် နဂိုထဲကလည်း ကြောက်တတ်တဲ့သူမဟုတ်ပြန်လေတော့...

" ဟိတ်..! ဘယ်သူလဲ လူလား သရဲလားကွ ၊ မေးနေတာ ဖြေနော် မဟုတ်လို့ကတော့ ငါ့လေးဂွစာမိသွားမယ်ကွ... "

တစ်ဖက်ကလည်း ကျုပ်ဆီကို ရွေ့ရွေ့လှမ်းလာရင်းက အသံအောအောကြီးဖြင့် -

" ငါ ပါကွ မမှတ်မိဘူးလား... ဒီမှာ နေစရာမရှိလို့ ခဏလာနေနေရတာ "

" ဘာ...ဘယ်ကငါလဲ "

ကျွန်တော်လည်းသိချင်စိတ်ရော စိုးရိမ်စိတ်ကပါဝင်လာပြီး အရေးထဲ မီးအုပ်ဆောင်းကလည်း လှေဝမ်းထဲကျန်ခဲ့ပြန်တော့...

" ဟေ့...ရပ် ငါပစ်လိုက်မှာနော် ဘယ်သူလဲဆိုတာ သေချာပြော "

ရုတ်တရက် ကျုပ်ဆီလှမ်းလာနေတဲ့အရိပ်လိုလို လူလိုလို အရာကြီးက ခြေလှမ်းငါးလှမ်းစာလောက်အကွာမှာ ရပ်သွားပြီး...

" မင်းငါနေတဲ့အပင်ကို မီးရှို့လိုက်လို့ ခက်ခက်ခဲခဲ ရထားတဲ့နေရာလေးပျောက်သွားပြီး... ဒီနေရာကအပင်စောင့်နတ်ကို တောင်းပန်ပြီး ခဏလာနေနေရတဲ့ " ထန်းပင်ပေါ်ကသရဲ " က ငါပဲကွ ... မင်းကိုနဲနဲလေးမှ မကျေနပ်ဘူး ငါ့ကိုနေရာပြန်ရှာပေးပြီး ဒီညမင်းရသမျှ ငါးတွေကို ငါ့ကိုကျွေးရမယ် မဟုတ်လို့ကတော့ မင်းတင်မကဘူး မင်းမိသားစုကိုပါ အကုန်ငါသတ်ပစ်မယ် တောက်...! "

တောက်..! ခေါက်လိုက်သံကြီးက ကျုပ်တစ်သက် ဒီလောက်ကျယ်တဲ့အသံမျိုး တစ်ခါမှမကြားဖူးရုံမက ကျောထဲအရိုးထဲထိ စိမ့်ခနဲနေအောင် ချမ်းတက်သွားရသည်။

" မင်း...မင်းကဘာကောင်မလို့ ငါ့ကိုလာစိန်ခေါ်ရတာလဲ စောမင်းကိုတဲ့ကွ တစ်ကိုထဲရှိတယ် သတ္တိရှိရင် မင်းစမ်းကြည့်လိုက်လေ သရဲဘဝမှာတင် ထပ်ပြီးသေသွားစေရမယ် နောက်တစ်ကြိမ် မင်းသတ္တိရှိရင် ရှေ့ဆက်တိုးလာခဲ့လေ လာပါ လာလိုက်စမ်းပါ... "

ကျုပ်တစ်သက်နဲ့တစ်ကိုယ် သရဲကြောက်ခဲ့ဖူးတဲ့ကောင်မဟုတ်ပေမယ့် ခုလိုထိပ်တိုက်ကြီး ရှေ့တင် နဖူးတွေ့ဒူးတွေ့  ကြုံနေရပြီဖြစ်တဲ့အတွက်ကြောင့် အလိုလိုကြောက်ဒူးပါတုန်နေပြီဆိုတာကို အမှန်တိုင်း ဝန်ခံပါရစေ... သို့ပေတည်း လက်ရှိအခြေအနေက ထွက်ပြေးလို့လဲမဖြစ် တောင်းပန်ပြီး သူ့ဆန္ဒလိုက်ရောရအောင်ကလည်း  ကျုပ် ရာဇဝင် ရိုင်းရပေတော့မည်မလို့...

ဟန်ကိုဖို့ပြီး စိန်ခေါ်လိုက်ချင်းဖြစ်ပေမယ့် စိတ်ထဲကနေတော့ ထွက်ပြေးဖို့လမ်းစကို ရှာဖို့ မျက်စိကို အငြိမ်မနေပဲ ပြေးပေါက်လိုက်ရှာနေမိသည်။

သောက်ထားသမျှအရက်အရှိန်လဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး မိုးကလည်း ခုနထက် ပို၍ပင် သည်းထန်လာပြီးမလို့ ကြောက်စိတ်ရော မိုးရေစိုရွှဲနေသည့် ဒဏ်ကြောင့်ပါရော၍ အသားများ တဆတ်ဆတ်တုန်ရီနေပေတော့သည်။

" ဟင်းး..မကျေနပ်ဘူး သတ်မယ် သတ်မယ် မင်းကို သတ်မယ် ... "

ကျုပ်လည်းသူပြောတာကိုကြောင်ကြည့်နေတုန်း သူ့လက်ကြီးလို့ထင်ရတဲ့အရာတစ်ခုက ခြေငါးလှမ်းလောက်အကွာအဝေးကနေ ကျုပ်ဆီကိုတန်းရောက်လာပြီး ကျုပ်မျက်နှာကို တည့်တည့်လာထိလိုက်တာ ခွပ်ခနဲ ဆိုတဲ့အသံနဲ့အတူ ကမ်းပါးက ရွှံနွံများအပေါ် ဘိုင်းခနဲ နောက်ပြန်လန်ကျသွားပြီး မျက်စိထဲ ကြယ်တွေလတွေ မြင်ပြီး အသားနာသွားသည့်အတွက်ကြောင့် ဒေါသလည်း အတော်လေးထွက်သွားပြီး ဘာဆိုဘာမှ မမြင်နိုင်တော့ပေ... 

မည်းမည်းမြင်သမျှ လိုက်ကန် လိုက်ထိုးနှင့် အတော်ကိုအားသုံးပြီး သတိထားနေပေမယ့် လေထဲသာ ထိမိပြီး အရိပ်မည်းကြီးကို လုံးဝတစ်ချက်မှကို မထိပေ...။

သူ့ဆီက တစ်ချက်တစ်ချက် ရောက်လာတဲ့ လက်သီးလား လက်ဝါးလား မသိတဲ့အရာကတော့ ကျုပ်မျက်နှာတွေ ကျောကုန်းတွေ ရင်ဘတ်တွေကို အီဆိမ့်နေအောင် အထိနာလှပေသည်။

ကျုပ်ကြာလာတာနဲ့အမျှ လုံးဝခံနိုင်ရည် မရှိတော့ပါ အသက်ရှူလည်းကြပ်လာ မျက်စိတွေလည်းပြာဝေလာပြီမလို့ ဆက်ပြီး ရင်ဆိုင်နိုင်စွမ်းမရှိတော့ချေ။ ထို့ကြောင့် လွတ်မြောက်ရာလမ်းကို ရှာရင် မထူးဇာတ်ခင်းကာ ချောင်းဘက်ကိုပဲ ခုန်ချပြေးဖို့ ရွေးချယ်ပြီး အလှည့် ချောင်းရိုးတိုင်မိုးရေထဲ ထိုး၍လှော်လာသော လှေတစ်စီးအား တွေ့လိုက်ရ၍ အားရှိသွားခါ... ရှိသမျှအားတို့ အကုန်သုံး၍ ဟေးး ဟုအော်လိုက်ပေမယ့် မိုးသံလေသံတွေကြောင့်လား ကျုပ်ရဲ့နှုတ်ကပဲ ဘာသံမှထွက်မလာလေတော့သည်လားမသိ ကျောဘက်ကို ဘုန်းခနဲ အရှိန်ပြင်းပြင်းနဲ့ ထိတဲ့ထိချက်ကြီးက ကျုပ်ကို လောကကြီးနဲ့အဆက်ဖြတ်ပေးလိုက်ပါတော့သည်။

ကျုပ်ပြန်သတိရလာချိန်မှာတော့ ကျုပ်အိမ်ခေါင်းရင်းခန်းမှာ ဆန့်ဆန့်ကြီးဖြစ်လို့ ဘေးမှာလဲ မယားလုပ်သူကငိုနေသလို ကျုပ်သူငယ်ချင်း ဗိုလ်ဝရယ် ထန်းတောပိုင်ရှင် ဖိုးသာကြီးအပါအဝင် အိမ်နီးနားချင်းများကို တွေ့လိုက်ရတော့ ကျုပ် ကပျာကယာ ထဖို့လုပ်လိုက်ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး အရမ်းကိုနာကျင်တဲ့ဝေဒနာနဲ့အတူ နဲနဲလေးမှကိုလှုပ်လို့တောင်မရဘူးဗျ...။

ဗိုလ်ဝက ကျုပ်လှုပ်လာတာမြင်သွားတော့...

" ဟော..ဟော..စောမင်းကို သတိရလာပြီ...သတိရလာပြီဟေ့... " ဟု အသံပြဲကြီးနဲ့အော်တော့ အားလုံးရဲ့အကြည့်က ကျုပ်ဆီသို့ ရောက်လာကြကုန်သည်။ အဲ့အချိန်မှာပဲ တစ်ယောက်တစ်ခွန်း ချီးကျူးထောပနာသံများ စကြားရပါပေတော့သည်။

" ဖြစ်မှဖြစ်ရလေကွာ ၊ မသေကောင်းမပျောက်ကောင်း ၊ မူးရူးပြီး ချောင်းထဲကျမသေတာကံကောင်း ၊ အေး...သေပြီမှတ်နေတာ သတိရလာပြီဟေ့... "

 " ၅ရက်ရှိပြီ ငါ့ကောင်ရေ... မင်းသတိမေ့နေတာ ရွာထဲကကျန်းမာရေးမှူးခေါ်ကုတာလဲ ၃ရက်ကြာတဲ့အထိ မင်းသတိမလည်လာလို့ လက်လျော့သွားတယ်ကွ နောက်ဆုံးတို့လည်း ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဖြစ်နေတုန်း ဖိုးသာကြီးဆီ အလည်ရောက်နေတဲ့ ဟော့ဒီဆရာမိုးက မင်းအခြေအနေလိုက်ကြည့်ပြီး သူကုနိုင်တယ်ဆိုတာနဲ့ တို့လည်း ဖြစ်သမျှအကြောင်း အကောင်းလို့တွေးပြီး ကုခိုင်းလိုက်တာ ခု၂ရက်မြောက်မှာ မင်းပြန်သတိရလာတာပဲ "

ဟု ဗိုလ်ဝက ပြောတော့ ကျွန်တော်လည်း မိုးသည်းတဲ့ညကို ပြန်သတိရပြီး...

" ထန်း...ထန်း...ထန်း...ပင်ပေါ်က သ...သ...ရဲ... " ဟုအသံထွက်မိတော့သည်။

အဲ့အသံထွက်လာတော့မှ ဖိုးသာကြီးလည်း ကျုပ်ကိုငါနဲ့ကိုင်တုပ်ဆဲတော့တာပဲဗျို့...သူထန်းပင်မီးရှို့တဲ့တရားခံဆိုတာ သရဲက ဖော်ကောင်လုပ်လို့သိနေနှင့်ပြီတဲ့ဗျာ...

ဖြစ်ပုံကဒီလိုဗျ....

အဲ့ညက ကျုပ်လည်းသတိမေ့လဲသွားရော ကျုပ်ဆီကို သူသမီးအငယ်ဆုံးလေးနေမကောင်းဖြစ်နေလို့ နောက်ကျမှ ရောက်လာတဲ့ဗိုလ်ဝက ကျုပ်မိန်းမဆီက လှေနဲ့ပိုက်တောင်းပြီး ကျုပ်နောက်ကိုလိုက်လာတုန်း ကမ်းပါးကလမုပင်အောက်မှာ ကျုပ်တစ်ကိုယ်လုံးရွှံတွေလူးပေနေပြီး ပစ်လဲနတောကိုတွေ့လို့ မူးရူးပြီး လဲနေတာအမှတ်နဲ့ လှေပေါ်တင်ပြီးရွာပြန်ခေါ်လာရတာတဲ့ဗျာ...။

ကျုပ်အိမ်ရောက်ပြီးမကြာဘူး ဆေးဆရာခေါ်ဘာညာနဲ့ အဲ့ညက ဘာဖြစ်မှန်းမသိဘူး ကျုပ်မိန်းမနဲ့ ကလေးတွေ တစ်ညလုံးအိပ်မရတော့ဘူးတဲ့ဗျို့...ညတိုင်းလိုလို အိမ်ထရံတွေကို တစ်ဘုန်းဘုန်း တစ်ဒိုင်းဒိုင်းနဲ့ လာရိုက်သံတွေ တောက်ခေါက်သံတွေ တဟင်းဟင်းနဲ့ညည်းညူသံတွေ ညတိုင်းကြားနေရတာ ၃ညဆက်တိုက်ဆိုပဲဗျ...။

နောက်ဆုံးဆေးဆရာ လက်လျော့လိုက်လို့ ရွာကလူတွေလည်း ကျုပ်ကိုသေပြီလို့မှတ်လိုက်တော့ အခြေအနေလာကြည့်သူတွေ သတင်းလာမေးသူတွေနဲ့အတူ ဖိုးသာကြီးအိမ်အလည်ရောက်နေတဲ့ ဆရာမိုးဆိုတဲ့ အထက်လမ်းဆရာကြီးက ဖိုးသာကြီးနဲ့အတူလာပြီး ကျုပ်အခြေနေမြင်တော့ ဒါသွေးရိုးသားရိုးမဟုတ်ဘူး သူကုပေးနိုင်တယ်ပြောပြီး အိမ်ကလူတွေကို ကုခွင့်တောင်းတော့ လူကြီးတွေကရော ကျုပ်မိန်းမကပါ ဆေးဆရာတောင်လက်လျော့လိုက်မှတော့မထူးတော့ပါဘူး ကုချင်သပဆိုလဲကု ပြန်ကောင်းလာတော့လဲကျုပ်ကုသိုလ် ဆိုပြီးဆရာမိုးကို ကုသခွင့်ပြုလိုက်တော့မှ ဆရာမိုးလဲ အိမ်မှာ ဖြစ်ပျက်နေတဲ့အခြေအနေကိုမေးမြန်း ကျုပ်ခန္ဓာကိုယ်က ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကိုသေချာ စစ်ဆေးပြီး ဘုရားစင်ရှေ့ တရားထိုင်ပုတီးစိပ်ပြီးမှ ကျုပ်ကို စ,ကုတာတဲ့ဗျ...။

သူ စ,ကုမယ်လို့ပြောပြီး ကျုပ်ကိုလုပ်လိုက်တဲ့ ဟိုကောင့်ကို လှမ်းပြီးဆရာအမိန့်နဲ့ခေါ်တော့တာပဲတဲ့ မကြာဘူး ကျုပ်သား အငယ်ဆုံးကောင်ကို ဝင်ပူးပြီး ကျုပ်သူ့နေတဲ့ထန်းပင်ကို မီးရှို့တာ သေးနဲ့ပန်းတာ သူထွက်ပြေးရပြီး ချောင်းဘေးကလမုပင်ကိုင်းမှာ နေနေတုန်း နောက်ရက်ကျုပ်ရောက်လာတာနဲ့ကြုံပြီး ကျုပ်ကို ကလဲ့စားချေတဲ့အနေနဲ့ အသေသတ်တာဆိုပဲဗျ...။

ကျုပ်သူငယ်ချင်း ဗိုလ်ဝအရောက်မြန်လို့ သူရှောင်ပုန်းလိုက်ရပေမယ့် မကျေနပ်လို့ နောက်ကနေထပ်လိုက်လာတာ အိမ်ဝိုင်းထဲအထိကျုပ်ပြန်ထွက်အလာကို ညတိုင်းလာစောင့်နေတာဆိုပြီး ဖြစ်ကြောင်းကုန်စင် လူတွေအကုန်လုံးရှေ့ပြောပြီး သူလုံးဝမကျေနပ်ဘူး ကျုပ်ကိုအသေသတ်မယ်ကြီး ခြိမ်းခြောက်နေလို့ ဆရာမိုးက ခြောက်လိုက်ချော့လိုက်နဲ့ လုပ်ပြီး သူ့အတွက်နေရာတစ်နေရာပေးပါ့မယ် သူစားဖို့အတွက် ငါးအစိမ်း၃ပိဿာနဲ့ ခေါစာပစ်ပေးပါ့မယ်ဆိုပြီး လုပ်ပေးတော့မှ ထွက်သွားတာတဲ့ဗျို့...။

ဖိုးသာကြီးလည်း ကျုပ်ကိုသူ့ထန်းပင်မီးရှို့တဲ့တရားခံမှန်းသိတော့ လွှတ်စိတ်တိုသွားပေမယ့် ထန်းပင်ထက် လူ့အသက်ကပိုအရေးကြီးတယ်ဆိုပြီး ကျုပ်အတွက် လုပ်စရာရှိတာတွေ သရဲကိုကျွေးဖို့နဲ့ နေစရာကအစ သူပဲအစအဆုံး လိုက်စီစဥ်ပေးလိုက်တယ်ဆိုတဲ့အကြောင်းတွေ မမောနိုင်အောင် ရှင်းပြနေတဲ့ ဗိုလ်ဝစကားဆုံးတော့မှ ကျုပ်လဲကြောက်စိတ် ရှက်စိတ် ဝမ်းနည်းစိတ်တွေဝင်လာပြီး ပါးပြင်ပေါ်မျက်ရည်တွေ အလိုလိုကျလာခဲ့ရပေတော့သည်။

အဲ့နောက်ပိုင်း ကျုပ်လဲ အိပ်ယာထဲ ၃လလောက်လဲသွားတာဗျ....ထူထူထောင်ထောင်လေးဖြစ်လာတော့မှ ဆရာမိုးမှာခဲ့တဲ့အတိုင်း ရွာကဘုန်းကြီးကျောင်းမှာ (၁၀)ရက် ရဟန်းဝတ်လိုက်ပြီး အရက်လည်းပြတ်သွားတယ်။ တံငါအလုပ်ကိုလဲ ရာသက်ပန်စွန့်လွှတ်ပြီး မိဘနဲ့ယောက္ခမဆီက အမွေရလိုက်တဲ့ လယ်(၈)ဧကလေးကို ဦးစီးလုပ်ပြီး ဘဝကို အေးအေးချမ်းချမ်းပဲဖြတ်သန်းနေထိုင်တော့တယ် ဆိုပါတော့ဗျာ...။

ကျုပ်ရဲ့အမွေကိုတော့ ကျုပ်သူငယ်ချင်း ဗိုလ်ဝက ဆက်လက်ထိန်းသိမ်းရင် ခုဆိုတံငါသည်ကြီးလုံးလုံးဖြစ်နေပြီဗျို့....။

ကျုပ်ကတော့ မိုးတွေသည်းတဲ့ညတိုင်း နောက်ကျောထဲ အောင့်အောင့်တက်လာပြီး လမုပင်ကြီးအောက်ကို သတိရမိနေတုန်းပဲဆိုပါတော့ဗျာ...။

ပြီးပါပြီ။



No comments:

Post a Comment